သင်ယူတတ်မြောက်ခြင်း — အပိုင်း ၂
ဤ အပိုင်းသည် သင်ယူတတ်မြောက်ခြင်း — အပိုင်း ၁ ၏ အဆက်ဖြစ်သည်။
နံပါတ် 2. Skills ကို လက်တွေ့လုပ်ဆောင်မှု အတတ်ပညာ နယ်ပယ် (Psychomotor Domain) လို့သတ်မှတ်ပြီး ဒီအပိုင်းမှာ —
၁။ သိမှု (Awareness)
၂။ တွေးတောမှု (Mindset)
၃။ တုန့်ပြန် လှုပ်ရှားမှု (Response)
၄။ နည်းလမ်း (Mechanism)
၅။ ကျွမ်းကျင်မှု (Proficiency)
၆။ မွမ်းမံမှု (Adaptation)
၇။ စတင်ဖန်တီးမှု (Origination) စတဲ့ အဆင့် ၇ ဆင့် ပါဝင်ပါတယ်။
ကိုယ်လက်အင်္ဂါတွေ အသုံးပြုပြီး လှုပ်ရှားမယ် ပူးတွဲလုပ်ကိုင်မယ် လှည့်မယ် စသဖြင့် ရုပ်ပိုင်းဆိုင်ရာ အပြုအမူများအားလုံးဟာ ဒီနယ်ပယ်မှာ ပါဝင်ပါတယ်။
လက်တွေ့လုပ်ဆောင်မှုနယ်ပယ် ကိုပိုမိုတိုးတက်ကောင်းမွန်စေဖို့ ကျွမ်းကျင်စေဖို့ လုပ်ဆောင်ရာမှာ လေ့ကျင့်မှု လိုအပ်ပါတယ်။ အလုပ်လုပ်ရာမှာ မြန်ဆန်မှု၊ တိကျမှု၊ ချိန်သားကိုက်မှု၊ စနစ်ကျမှု စတဲ့ အချက်တွေနဲ့ ကျွမ်းကျင်မှုကို တိုင်းတာပါတယ်။
ဒီသင်ယူတတ်မြောက်မှု နယ်ပယ်ထဲမှာ ကိုယ်လက်လှုပ်ရှား လုပ်ဆောင်ရတဲ့ အလုပ်တွေ အကုန်လုံးပါဝင်ပါတယ်။ ဥပမာ — အရိုးရှင်းဆုံးဖြစ်တဲ့ မြေတွင်းတူးတာ၊ ကားရေဆေးတာကအစ ရှုပ်ထွေးတဲ့ စက်မှု လက်မှုပညာ အလုပ်တွေ၊ အကပညာပိုင်း အလုပ်တွေထိ အကုန်ပါ ပါတယ်။
၁။ သိမှု (Awareness)
လုပ်ရမယ့် အလုပ်ကို သိပြီး စလုပ်မယ်ဆိုတာကို အချက်ပြလျှင်ပြခြင်း မိမိကိုယ်တိုင် အာရုံသိမှု၊ လှုံ့ဆော်မှု အပိုင်းဟာ နံပါတ် (၁) သိမှု (Awareness) အဆင့် ဖြစ်ပါတယ်။
၂။ တွေးတောမှု (Mindset)
လုပ်ဆောင်ရန်အသင့်အနေအထားဖြစ်ပြီး လုပ်ဖို့ စတွေးခြင်းဟာ နံပါတ် (၂) တွေးတောမှု (Mindsets) အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက် အုပ်စုတွေ ပါ ပါတယ်။ ဆန္ဒမရှိခြင်း ဆန္ဒရှိခြင်း ပျင်းခြင်း ငြီးငွေ့ခြင်း စတဲ့ ခံစားချက်တွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေပေါ်မူတည်ပြီး ဖြစ်ပေါ်လာတယ်။
၃။ တုန့်ပြန် လှုပ်ရှားမှု (Response)
သိ ၊ တွေး ပြီးသွားလျှင် ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပေါ်မူတည်ပြီး လူဟာ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုအဖြစ် နံပါတ် (၃) ရှေ့က လုပ်ပြတာကို နောက်ကလိုက်လုပ်တဲ့ လှုပ်ရှားမှု (Response) အဆင့်ကိုရောက်ပါတယ်။
၄။ နည်းလမ်း (Mechanism)
လုပ်ပုံကိုင်ပုံ နဲ့ စည်းမျဉ်းတွေကို စတင်လေ့လာပြီး စနစ်တကျ စတင်လုပ်ကိုင်တဲ့ အဆင့်ဟာ နံပါတ် (၄) နည်းလမ်း (Mechanism) အဆင့်ဖြစ်ပါတယ်။
၅။ ကျွမ်းကျင်မှု (Proficiency)
လုပ်ကိုင်ပုံ နည်းလမ်း လမ်းကြောင်းကို သိသွားတဲ့ အခါမှာ လျှင်မြန်မှု၊ တိကျမှု၊ အကောင်းဆုံး လုပ်ဆောင်ချက် နဲ့ အနည်းဆုံး အင်အားထုတ်မှု စတဲ့အချက်တွေကို ထပ်မံ ပေါင်းထည့်လိုက်တဲ့အခါ နံပါတ် (၅) ကျွမ်းကျင်မှု (Proficiency) အဆင့်ကို ရောက်ပါတယ်။ ဒီအခြေအနေဟာ နှောင့်နှေးမှု တွေဝေမှု မရှိဘဲ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ အဆင့်ဖြစ်လာပါတယ်။
၆။ မွမ်းမံမှု (Adaptation)
ကျွမ်းကျင်မှုရှိလာတဲ့အခါ ကိုယ်တဲ့အံခွင်ဝင်ကျဖြစ်မယ့်ပုံစံ နည်းလမ်း စတာတွေကို မှီးငြမ်း ပြုပြင်ပြောင်းလဲလာခြင်းအဆင့်ဟာ နံပါတ် (၆) မွမ်းမံမှု (Adaptation) အဆင့်ဖြစ်လာပါတယ်။
၇။ စတင်ဖန်တီးမှု (Origination)
အခြေအနေနဲ့ ကိုက်ညီမယ့် လုပ်ဆောင်ချက်ပုံစံ အသစ်တွေ တွေဖန်တီးခြင်း၊ ပြဿနာဖြေရှင်းမယ့် နည်းလမ်းအသစ်တွေ ထုတ်ဖော်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေဟာ နံပါတ် (၇) စတင်ဖန်တီးမှု (Origination) အဆင့်ကို တိုးတက်လာတဲ့ အခြေအနေတွေဖြစ်ပါတယ်။