Solution Architect လမ်းညွှန် — အောင်မြင်တဲ့ Software ဖန်တီးမှု

Aung Kyaw Minn
3 min readSep 8, 2024

--

အသုံးပြုသူ ရဲ့ လိုအပ်ချက် နဲ့ ဖန်တီးထားတဲ့ Software ရဲ့ လုပ်ဆောင်နိုင်စွမ်း လည်း ကိုက်ညီရမယ်၊ ရည်ရွယ်ထားတဲ့ နေရာ (လုပ်ငန်းခွင်၊ တစ်ကိုယ်ရေသုံး စသဖြင့်) မှာလည်း တကယ့် လက်တွေ့ လည်း အသုံးပြုနိုင်ရမယ်၊ အသုံးပြုပြီး အကျိုးဖြစ်ထွန်းမှုလည်းရှိရမယ်။ ဒီအချက်တွေ ပြည့်စုံမှ Software ဖန်တီးမှု အောင်မြင်တယ်လို့ သတ်မှတ်လို့ရပါတယ်။

အောင်မြင်တဲ့ Software ဖန်တီးမှု

Software ဆိုတာ မထိတွေ့နိုင်တဲ့ ပစ္စည်း (Intangible Asset) ဖြစ်ပါတယ်။ Intangible ဖြစ်တဲ့ Software ကို အသုံးပြုပြီး ထိတွေ့နိုင်တဲ့ ပစ္စည်း (Tangible Asset) ဖြစ်တဲ့ အကျိုးအမြတ်တွေ ရလာမှ အောင်မြင်တဲ့ Software ဖန်တီးမှုလို့ ဆိုလို့ရပါတယ်။

ဥပမာ — ပုံမှန် တစ်ရက် ကို အများဆုံး ဝယ်သူအယောက် ၅၀ ကိုပဲ ဝန်ဆောင်မှု ပေးနိုင်နေတာကနေ၊ Software သုံးလိုက်လို့ အရောက် ၅၀၀ ဝန်ဆောင်မှု ပေးနိုင်တယ်။ ဝင်ငွေပိုတိုးလာပြီး ပိုအမြတ်ထွက်လာတယ်။ Software က Intangible Asset ဖြစ်ပြီး အမြတ်ငွေက Tangible Asset ဖြစ်သွားရော။

Application Software တစ်ခု ရေးဆွဲ ဖန်တီးရာမှာ ပါဝင်ပတ်သက်သူ အနည်းဆုံး ဘက် နှစ်ဘက် ရှိပါတယ်။

  1. အသုံးပြုသူ — User
  2. ဖန်တီးသူ — Developer

အသုံးပြုသူရဲ့ လိုအပ်ချက်တွေကို Input အနေနဲ့ ထည့်သွင်းပြီး Developer က Process လုပ်မှ Software ဆိုတဲ့ Output ထွက်လာတာပါ။ အောင်မြင်တဲ့ Software ဖြစ်လာဖို့ကတော့ နှစ်ဦး နှစ်ဘက် စလုံးမှာ တာဝန်ရှိပါတယ်။ Software သုံးမရတာတွေ နဲ့ ပါတ်သက်လာရင် Developer တစ်ယောက်တည်း ပေါ် ပုံချလို့တော့မရပါဘူး။ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ဖြေရှင်းမှ အဆင်ပြေမှာပါ။

2010 ကနေ 2018 လောက်အတွင်းမှာ အသေးစား နဲ့ အလက်စား လုပ်ငန်းသုံး Application Software တွေ အများဆုံး Freelance လုပ်ဖြစ်ခဲ့ပါတယ်။ မှတ်မိသလောက် ရွှေဆိုင်၊ ကုန်စုံဆိုင်၊ ဆေးဆိုင်၊ စက်ရုံလုပ်ငန်း၊ ကားလတ်မှတ်ရောင်း စသဖြင့် အစုံပါပဲ။ သုံးမယ့်သူ လုပ်ငန်းရှင် (သို့မဟုတ်) ဝန်ထမ်း နဲ့ Software ရေးသူ ကျနော် နှစ်ဘက်ပါပဲ။

တစ်ချို့ လုပ်ငန်းတွေက ခုထိ ဖန်တီးခဲ့တဲ့ Software ကို အသုံးပြု အကျိုးဖြစ်ထွန်းနေပြီး၊ အများစုကတော့ ၁ နှစ် ၂ နှစ် လောက် အထိအသုံးပြုပြီး အကြောင်း အမျိုးမျိုးကြောင့် ဆက်မသုံးဖြစ်တော့တာ တွေ့ရပါတယ်။ အကြောင်းတွေကတော့ လုပ်ငန်း လည်ပတ်မှု့ အပြောင်းအလဲ (Business Change) ဖြစ်ပြီး အရင်က ရေးထားတဲ့ ပုံစံနဲ့ မကိုက်ဖြစ်တာ၊ တာဝန်ယူလုပ်နေတဲ့ ဝန်ထမ်းထွက်သွားတာ စသဖြင့်။

တစ်ခုသတိထားမိတာက —

  • ဖန်တီးလိုက်တဲ့ Software ကို အောင်မြင်စွာ အသုံးပြုနိုင်နေတဲ့ လုပ်ငန်းတွေကြည့်လိုက်ရင် လုပ်ငန်းရှင် ကိုယ်တိုင် က Software စရေးကတည်းက စိတ်ပါဝင်စားစွာနဲ့ လိုတဲ့ input တွေ ကိုယ်တိုင် ပေးခဲ့ပြီး၊ သူတို့ ကိုယ်တိုင်ကလည်း လက်တွေ့ Software အသုံးပြုတဲ့ User တွေ ဖြစ်နေတာပါပဲ။ လုပ်ငန်း လည်ပတ်မှု့ အပြောင်းအလဲကလည်း သိပ်မရှိ၊ ရှိတဲ့အခါလည်း ပိုက်ဆံအကုန်ခံပြီး Software ကို ပြင်လေ့ ရှိတယ်။
  • မသုံးဖြစ်တော့တဲ့ လုပ်ငန်းတွေကြည့်လိုက်ရင် လုပ်ငန်းရှင်က သူကိုယ်တိုင် စိတ်မဝင်စား၊ မပါဝင် မပါတ်သက်၊ Software ကို တစ်ခါ ဝယ် တစ်သက်လုံး သုံးလို့ ထင်မှတ်လေ့ ပြီး၊ ဝန်ထမ်းနဲ့ လွှဲထားပြီး လုပ်တဲ့ သူတွေများပါတယ်။

Freelance လုပ်တဲ့အခါ တစ်ယောက်တည်း အစ၊ အလယ်၊ အဆုံး တာဝန်ယူရပြီး (Responsible)၊ တာဝန်လည်း ခံရပါတယ် (Accountable)။ တာဝန်ယူ၊ တာဝန်ခံ နဲ့ ပါတ်သက်ပြီး သေချာ ထပ်သိချင်ရင် https://aungkyawminn.medium.com/racis-model-3af50a4bf830 ဒီ Article မှာ သွားဖတ်နိုင်ပါတယ်။

တစ်ယောက်တည်း လုပ်ရတာကြောင့် Software ရေးသားဖန်တီးမှုနဲ့သက်ဆိုင်တဲ့ Primal Skill ကျွမ်းကျင်ရုံနဲ့ မလုံလောက်တော့ပါဘူး။ အခြား Supporting Skills ကျွမ်းကျင်မှုတွေ ပိုလိုပါပြီ။

  1. Primal Skills — Software ဖန်တီးတာနဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်မှုတွေ။ ဒီအထဲမှာ System Analysis and Design, Database and Programming Skills, … စသဖြင့် ဖန်တီးတဲ့ Software ပေါ်မူတည်ပြီး ကျွမ်းကျင်မှု အမျိုးမျိုး လိုအပ်ပါတယ်။
  2. Supporting Skills — Communication and Teamwork, Time-management and Problem Solving, Stakeholders Relation စတာတွေပါ လိုအပ်ပါတယ်။

အုပ်စု ၂ ခု မှာ ပါဝင်တဲ့ Skill တွေ အများကြီး ဆိုပေမဲ့ ကိုယ်လုပ်တဲ့ Software ရဲ့ အတိုင်းအတာ အရွယ်အစားပေါ် မူတည်ပြီး Skill လိုအပ်ချက်က အနည်း အများ ကွာပါတယ်။ Freelance ပုံစံနဲ့ လုပ်ရတဲ့ Small Scale Application တွေဆို အများကြီး ကျယ်ကျယ်ပြန့်ပြန့် မသိဘဲလုပ်လို့ရပါတယ်။ Primal Skills ကို အလုပ်ဖြစ်ရုံ၊ Supporting Skills ကို အပြောအဆို နဲ့ ပါးနပ်မှု လောက်နဲ့ပဲ အောင်မြင်အောင် လုပ်လို့ရပါတယ်။

Software ရေးတဲ့ အလုပ်တစ်ခုကို အစ၊ အလယ်၊ အဆုံး လုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရင် ဆန်းစစ်ကြည့်ရပါတယ်။ ကိုယ့်မှာ Skills နှစ်ခုလုံး ရှိနေပြီဆိုရင်တော့ တစ်ယောက်တည်း လုပ်လို့ရပါတယ်။

ကိုယ်က Primal Skills တွေ အရမ်းကောင်းပေမယ့် Supporting Skills တွေမရှိဘူးဆိုရင် ကိုယ်နဲ့ တွဲလုပ်မယ့် Partner တစ်ယောက်ရှာရပါတယ်။

တစ်ခါတစ်လေ တွဲလုပ်တဲ့ သူတွေမှာ Primal Skills တွေပဲရှိပြီး Supporting Skills တွေမရှိဘူးဆိုရင် ပြဿနာရှိပါပြီ။ မအောင်မြင်ဖို့ များပါတယ်။

Large Scale Application တွေ ဥပမာ — Enterprise Application (EA) တွေ Digital Platform (DP) တွေ ဆိုရင်တော့ Primal Skill တွေနဲ့ Supporting Skill တွေပေါ်မူတည်ပြီး ကဏ္ဍ အမျိုးမျိုး နဲ့ သက်ဆိုင်တဲ့ ပါဝင်ပတ်သက်သူတွေ ပိုများလာပါပြီ။

  • Business Stakeholders
  • Product Owners
  • Project Managers / Project Coordinators
  • Business Analysts
  • Architects
    - Business Architect / Data Architect / Application Architect / Technical Architect
  • Developers
    - Backend / Frontend / Full-Stack / Mobile / …
  • Infra / DevOps / Cloud Engineers / System Engineers / …

Large Scale Application တွေ ဖန်တီးတဲ့ အခါ ပိုခက် ပိုရှုပ်ထွေးလာတဲ့ အတွက် အောင်မြင်အောင် ဖန်တီးနိုင်မယ့် စနစ် လိုလာပါပြီ။

2020 မှာ Hana Microfinance က Automation Team ကို စ join ခဲ့တဲ့ အချိန်မှာ Large Scale Application တွေ ဖန်တီးရေးဆွဲပုံ၊ ချိတ်ဆက် အလုပ်လုပ်ပုံ၊ လည်ပတ်ပုံတွေကို ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်ခဲ့ရပြီး အတွေ့အကြုံတွေလည်း အများကြီး ရခဲ့ပါတယ်။

Business, Data, Automation (Application) ဒီ Team ၃ ခုကို Internal မှာ ထားပြီး၊ Software Development နဲ့ Operation အတွက် Technology Team ကို အပြင် Software Development Vendor ကို အပ်တဲ့ ပုံစံ ကို မြင်ပြီး စနစ် တစ်ခု ရှိနိုင်တယ်လို့ တွေးပြီး ရှာဖွေ လေ့လာရင်း နဲ့ TOGAF, Zachman စတဲ့ Enterprise Architecture Framework တွေ အကြောင်း စသိပြီး လေ့လာဖြစ်ခဲ့ပါတယ်။

EA ရဲ့ Concept တွေဟာ Large Scale Application တွေဖန်တီးရာမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။

2022 မှာ Onenex ကို စရောက်ပြီး Head Of Technology အနေနဲ့ တာဝန်ယူခဲ့ရတဲ့ အချိန်မှာတော့ EA Concept တွေကို အခြေခံပြီး Software ဖန်တီးတဲ့ လုပ်ငန်းစဉ် တစ်ခုကို လက်တွေ့ အသုံးပြုပြီး စနစ် တစ်ခုကို ထုတ်ဖော် ကျင့်သုံးခဲ့ပါတယ်။

ဒီစနစ်ရဲ့ အချက်အလက်တွေကို စုစည်း မှတ်တမ်းတင်ထားတဲ့ Document ကို LinkedIn Post မှာ ကြည့်ရှုနိုင်ပါတယ်။ https://www.linkedin.com/posts/aungkyawminn_what-are-the-works-of-solution-architect-activity-7230509277763813376-UZSx

ဒီ Document ပေါ် အခြေခံပြီး Solution Architecture နဲ့ ပတ်သက်တဲ့ ရှင်းလင်းချက်တွေကို နောက်အပိုင်း တွေမှာ ခေါင်းစဉ် တစ်ခုစီနဲ့ ဆက်ရေးပါဦးမယ်။

Aung Kyaw Minn
Solution Architect @ AYA Innovation Labs

--

--

Aung Kyaw Minn
Aung Kyaw Minn

Written by Aung Kyaw Minn

Solution Architect @ AYA Innovation Labs & Ex-Head of Technology @ Onenex

No responses yet