သင်ယူတတ်မြောက်ခြင်း — အပိုင်း ၃
ဤ အပိုင်းသည် သင်ယူတတ်မြောက်ခြင်း — အပိုင်း ၂ ၏ အဆက်ဖြစ်သည်။
နံပါတ် 3. Attitude ကို နှလုံးသွင်း အာရုံစိုက်မှု နယ်ပယ် (Affective Domain) လို့သတ်မှတ်ပြီး ဒီအပိုင်းမှာ —
၁။ ယုံကြည် လက်ခံမှု (Receiving)
၂။ တုန့်ပြန် လှုပ်ရှားမှု (Responding)
၃။ တန်ဖိုးဖြတ်မှု (Valuing)
၄။ စီစဉ် ဖွဲ့စည်းမှု (Organizing)
၅။ အနှစ်ချုပ် ထုတ်မှု (Characterizing) စတဲ့ အဆင့် ၅ ဆင့် ပါဝင်ပါတယ်။
အကြောင်းအရာ တစ်ခု ပညာရပ် တစ်ခုကို သင်ယူနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ အားလုံးဟာ ဒီ နယ်ပယ်မှာပါဝင်ပါတယ်။
၁။ ယုံကြည် လက်ခံမှု (Receiving)
ဒီအဆင့်မှာ ယုံကြည်မှု က အဓိက အချက်ဖြစ်ပါတယ်။ ယုံကြည် မှ လက်ခံမှာ ဖြစ်ပါတယ်။ လက်ခံမှ မှတ်သား၊ နားလည်သဘောပေါက်နိုင်ပြီး၊ ကျွမ်းကျင် တတ်မြောက်မှာ ဖြစ်ပါတယ်။
သင်ယူတဲ့သူ ရှုထောင့်က ယုံကြည်တဲ့နေရာမှာ — သင်ကြားပေးတဲ့ ဆရာကို ယုံကြည်မှု နဲ့ မိမိကိုယ်ကို ယုံကြည်မှု၊ ဒီယုံကြည်မှု နှစ်ခုကို လက်ကိုင်ထားဖို့ လိုပါတယ်။
သင်ကြားပေးတဲ့သူ ရှုထောင့်က ဆိုရင် — သင်ယူသူတွေ ယုံကြည်လာဖို့ Icebreaker တွေ အရင် သုံးရပါတယ်။
၂။ တုန့်ပြန် လှုပ်ရှားမှု (Responding)
ယုံကြည် လက်ခံပြီးတာနဲ့ တတ်ကြွစွာ ပူးပေါင်းပါဝင်တဲ့ အဆင့်ကိုရောက်ပါတယ်။ ဒီအဆင့်မှာ မေးတဲ့အခါ ပြန်ပြီး ဖြေတာမျိုး၊ နားမလည် တာကို ပြန်မေးတာမျိုး၊ ရေးမှတ်တာမျိုး တွေ ဖြစ်လာပါတယ်။
၃။ တန်ဖိုးဖြတ်မှု (Valuing)
ဒီအဆင့်မှာ သင်ယူရတဲ့ အကြောင်းအရာတွေ အချက်အလက်တွေကို မိမိရဲ့ အတွေ့အကြုံတွေ၊ အရင်က လေ့လာဖူးခဲ့တာတွေ နဲ့ အကဲဖြတ်ပြီး တန်ဖိုး သတ်မှတ်တာတွေ လုပ်ပါတယ်။ ဒါတွေသင်လို့ ကိုယ့်အတွက် ဘယ်လောက် အကျိုးရှိနိုင်လဲ အသုံးဝင်နိုင်လဲ အတွေးတွေ စပါတယ်။ အိမ်စာပေးလိုက်တာတွေ ပြီးအောင်လုပ်တာမျိုး၊ ဆက်စပ်တဲ့ အခြား အချက်အလက်တွေကို အင်တာနက်မှာ ထပ်မံရှာဖွေတာမျိုး၊ သက်ဆိုင်ရာ ဘာသာရပ် စာအုပ်တွေကို ထပ်မံ ဖတ်ရှုတာမျိုးတွေ ဒီအဆင့်မှာ ဖြစ်လာပါတယ်။
၄။ စီစဉ် ဖွဲ့စည်းမှု (Organizing)
သင်ယူခဲ့တဲ့ အကြောင်းအရာတွေထဲက ကိုယ့်အတွက် လက်တွေ့ အသုံးဝင်မယ့် အကျိုးရှိစေမယ့် အချက်တွေကို မှတ်စုတွေက နေထုတ်ပြီး ပြန်စုစည်းတာမျိုး၊ အရင် လေ့လာရမယ့် အကြောင်းအရာ နောက် လေ့လာရမယ့် အကြောင်းအရာ မျိုးတွေ ပြန်စီစဉ်တာမျိုး၊ တစ်နေရာတည်းမှာ စုပြီး ပြန်မှတ်သားတာမျိုး တွေ ဟာ ဒီအဆင့်မှာဖြစ်ပါတယ်။
၅။ အနှစ်ချုပ် ထုတ်မှု (Characterizing)
စီစဉ် ဖွဲ့စည်းထားပြီးတဲ့ အချက်အလက်တွေကို မိမိရဲ့ အတွေးအခေါ် အတွေးအကြံ အတွေ့အကြုံတွေနဲ့ ပြန်သုံးသပ်ပြီး လက်တွေ့ အသုံးချလို့ရမယ့် အနှစ်ချုပ် ပြန်ထုတ်တာမျိုး ဒီအဆင့်မှာဖြစ်ပါတယ်။